ဟိုးအရင်ကတည်းက မြန်မာပြည်ကို Golden Land လို့ တင်စားခေါ်ဝေါ်ကြတယ်။ ရွှေရောင်စေတီတွေ လက်ညှိုးထိုးမလွဲ ရှိနေလို့လေ။
မြန်မာပြည်လည်း သူ့ အလှလေးနဲ့သူ ရှိပါတယ်။ တမူထူးခြားမှုတွေ၊ လှပတဲ့ ရှုခင်းတွေ၊ ပျူငှါတဲ့ ဖေါ်ရွေမှုတွေ၊ ရိုးစင်းတဲ့ ဓလေ့ထုံးစံလေးတွေ။ မရိုးနိုင်တဲ့ မြန်မာ့အလှတွေပါ။
ဒီမြေမှာ ငြိမ်းချမ်းမှု၊ သဟဇာတ ဖြစ်မှု၊ တရားမျှတမှုတွေကို မသေခင် တွေ့ခွင့်ရှိခြင်ပါသေးတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Shwe Dagon Pagoda
ကွယ်လွန်သွားတဲ့ မိဘတွေကို ရည်စူးပြီး အရံစေတီတဆူကို တာဝန်ယူထားတော့ ၃/၄ နှစ်တကြိမ် ရွှေတိဂုံဘုရားဂေါပကအဖွဲ့က အကြောင်းကြားလာရင် ပြုပြင်ထိမ်းသိမ်းမှု ကုန်ကျစရိတ်ကို သွားလှုရတယ်။ ကိုဗစ်ကာလ သွားလှုရတာဆိုတော့ အများပြည်သူကို ပိတ်ထားတဲ့အတွက် လူသူကင်းမဲ့နေတဲ့ ရွှေတိဂုံဘုရားရင်ပြင်တော်ပုံတွေ ရလာပါတယ်။ ဒီလို MOMENT မျိုးက ပြန်မရနိုင်ပါ။
Dubai Desert Safari
Desert Safari ဆိုတာ ဒူဘိုင်းရောက်ရင် မလည်လို့ မဖြစ်တဲ့ ကန္တာရသဲတောင်ကုံးတွေပေါ် ကားပတ်စီးရတဲ့ အပျော်ခရီးပါ။ စ စခြင်း ကားသမားက လင်ခရူဇာကို စက်ကုန်ဖွင့်ပြီး သဲတောင်ကုန်းအမြင့်ကြီးကို ဒဲ့ကြီး မောင်းတက်ဖို့ ကြိုးစားလို့ ဘာမှ ကြိုမသိထားရင် ကားသမား ရူးများသွားသလား ထင်ခြင်စရာပါ။ အတင်းမမောင်းရင်လဲ ကားက ရွေ့မှာ မဟုတ်ဘူး။
Taj Mahal
“တာ့ဂျ်မဟာ”ဆိုတာနဲ့ အချစ်ကြီးသူတယောက်ရဲ့ ပရိဒေဝမီးကြောင့် မွေးဖွါးလာတဲ့ ကမ္ဘာ့အံ့ဖွယ် အစ္စလာမ် အနုပညာ ရတနာတပါးဆိုတာ လူတိုင်း နားလည်ပြီးသားပါ။ တည်ဆောက်သူ မဂိုဘုရင် ရှားဂျာဟန် အဆိုထဲမှ ကောက်နှုတ်ရရင် "ဤနေရာသည် ဝမ်းနည်းပူဆွေးမှုတို့၏ နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာ နေရာဖြစ်သည်" တဲ့။
Land of Opportunity
အမေရိကားကိုသာ အလည်သွားရမယ်ဆို လူတိုင်းနီးပါး သည်းခြေကြိုက် ပျော်ကြမှာ အမှန်ပဲ။ နေခွင့်ရမယ် ဆိုရင်ကော? မနေခြင်ဘူးဆိုတာ မဟုတ်ဘူး, ဟုတ်တယ် မဟုတ်လား?
ဆန်းကြယ်တဲ့ သဘာဝတရားတွေ (နိုင်ယာဂရာရေတံခွန်ကြီး၊ ယဲလိုးစတုန်း၊ ဂရင်းကင်ညွန်၊ စတာတွေ) ကမ္ဘာမှာ ဆန်းပြားတဲ့ နည်းပညာတွေ၊ ဘယ်မြို့ကြည့်ကြည့် တွေ့ရမယ့် ခေတ်မှီ ထပ်မြင့် အဆောက်အဦးတွေ၊ ခိုင်မာပြီးသား ဒီမိုကရေစီရဲ့ အရိပ်အာဝါသ နှင့်အတူ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အမှားအမှန်သာ ဒဲ့ကြည့်တဲ့ တရားစီရင်ရေးစနစ်တွေ ပိုင်ဆိုင်တဲ့ နေရာ၊ အခွင့်အလမ်းတွေ ပုံစံမျိုးစုံ ရှိနေတဲ့ နေရာ။ အခုထိ ကမ္ဘာသူ ကမ္ဘာသားတွေ သွားနေဖို့ အိပ်မက်ကြတဲ့ နေရာ။
Land of surprises
ငယ်စဉ်ဘဝ ဗီယက်နမ်စစ်ပွဲအကြောင်းတွေ စာဖတ်ခဲ့စဉ်က အန်ကယ်ဟိုတို့တိုင်းပြည်ကို သွားလည်ခြင်ခဲ့တယ်။ ဒီဇင်ဘာလဆိုတော့ အနည်းဆုံးတော့ အညာဆောင်းလောက် အေးတယ်။ ဟောင်လောင်းပင်လယ်ကွေ့ သင်္ဘောခရီးစဉ်က အဆွဲဆောင်နိုင်ဆုံးပဲ။ မြူနှင်းတွေကြားက ဟောင်လောင်းပင်လယ်ကွေ့ရဲ့ သဘာဝအလှဟာ တသက် မမေ့နိုင်စရာပါပဲ။
“တိတ်ဆိတ်ခြင်းဖြင့် ထာဝရတည်ရှိနေမည့် နေရာ”
အန်ကောဝပ်၏ ကျောက်တုံးများအောက်တွင် အချိန်သည် အသံမထွက်ဘဲ ရာစုနှစ်များကို ဖြတ်ကျော်ခဲ့သည်။
ကမ္ဘောဒီးယားသည် မျက်လုံးက မြင်ရသမျှထက် ပို၍ နက်ရှိုင်းသည်။ မရိုက်ခတ်ဘဲ ထိတွေ့နိုင်သော အေးမြမှု၊ မပြောဘဲ နားလည်နိုင်သော စွမ်းအားတစ်ခုရှိသည်။ အန်ကောဝပ်မှ စတင်သော ထိုတိတ်ဆိတ်မှုသည် မြေပြင်တစ်လျှောက် ပျံ့နှံ့ကာ လူတို့၏ စိတ်နှလုံးထဲတွင် ထာဝရအမှတ်တရအဖြစ် နေထိုင်လျက်ရှိသည်။